Tuesday, January 15, 2008

ချစ်တတ်သူရဲ့ အကြံကောင်း

ကျောက်မျက်ရတနာရောင်းသော ဆိုင်တစ်ဆိုင်တွင် လူငယ်တစ်ယောက်သည် တန်ဖိုးကြီးမားသော လည်ဆွဲလော့ကတ်သီးတစ်ခုကို သူ့ ချစ်သူကောင်မလေးကို လက်ဆောင်အဖြစ်ဝယ်ပေးလိုက်သည်။
“ဒီလော့ကတ်သီးပေါ်မှာ သူမရဲ့ နာမည်ကိုများ ရေးထွင်းပေးလိုက်ရမလားရှင်” ဟု ရတနာရောင်းသူက မေးလိုက်သည်။”
ဝယ်သူက တစ်ခဏ စဉ်းစားလိုက်ပြီးမှ ပြန်ပြောလိုက်သည်မှာ ”ဟင့်အင်း၊ ကျွန်တော်ရဲ့ တစ်ဦးတည်းသော ချစ်ရသူအတွက်လို့ပဲ ရေးပေးပါဗျာ၊ ဒါမှ ကျွန်တော်တို့ ကွဲသွားကြရင် ကျွန်တော်ပြန်ပြီး နောက်ထပ်သုံးလို့ ရမှာပေါ့”

မောင်မောင်မြင့်သိန်း (အချစ်ဟာသ)

တော်ပါတော့

သင်္ဘောပျက် တစ်စင်းမှ သဘောင်္သား နှစ်ယောက်သည်ပင်လယ်ထဲတွင် ဖောင်တစ်ခုနှင့်မျောနေကြသည်။ ရက်ကြာလာသော အခါသဘောင်္သားတစ်ယောက်သည် ဒူးထောက်လျက် ဘုရားသခင်ထံဆုတောင်းတော့သည်။
”အို...ဘုရားသခင်၊ တပည့်တော်ဟာ ကောင်းကောင်းမနေခဲ့ပါဘူး၊ အရက်ကိုလည်း အလွန်အကျွံ သောက်ခဲ့ပါတယ်၊ ပြီးတော့ လိမ်ညာပြီးတော့လည်း ပြောခဲ့ပါတယ်။ ရိုးသားမှုလည်းမရှိခဲ့ပါဘူး၊ လောင်းကစားလည်းလုပ်ခဲ့ပါတယ်။ မိန်းမတွေနဲ့လည်းရှုပ်ပွေခဲ့ပါတယ်။ တပည့်တော်ဟာ မကောင်းတာမှန်သမျှ အကုန်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် တပည့်တော်ကို သနားသဖြင့် ကယ်တော်မူပါ. တပည့်တော် ကတိပြုပါတယ်“
“ဟေ့ကောင် တော်တော့ကွာ၊ ငါတို့က ကမ်းနားရောက်နေပြီကွ” ဟု ကျန်သဘောင်္သား တစ်ယောက်က လှမ်းအော်ပြောလိုက်လေသည်။“

တင်ဆွေမိုး ဟာသ

Friday, January 11, 2008

ဆောင်းညအိပ်မက်

နှလုံးသားမှ ပဲ့တင်သံ
ခိုက်ခိုက်တုန် ချမ်းအေးလှတဲ့
ဆောင်းညတွေမှာ ကြင်ဖော်မရှိ
သတိရနေမိခဲ့တာ အခါခါပါ
မတတ်သာ ခွဲခွာရ တစ်နယ်စီဝေး
ဆွေးနေရခဲ့ ဖော်မပါဘဲ
တစ်ကိုယ်တည်းသာ
မထင်မှတ်ဘဲ ရုတ်တရက်
ကြားလိုက်ရတဲ့ မြည်သံတစ်ခု
နှလုံးလှပ်တုန် ရင်ခုန်ရသည်
တယ်လီဖုန်းမြည်သံ အိပ်မက်တစ်ခုလား
ဝိုးတ၀ါးနဲ့ နိုးထလိုက်တော့
ချစ်သူကို လွမ်းလွန်းလို့
စိတ်ထဲမှာစွဲထင် ချစ်စိတ်ဝင်လာ
မပီဝိုးတ၀ါး မက်ခဲ့ရပေါ့
ဆောင်းညအိပ်မက်.....................